Sapiosexual
နှစ်တွေ ကြာသွားပြန်ပြီ။ ဒီလိုနဲ့ အသက်ကြီးသွားတော့မလားမသိ။ ဒီနှစ်တွေမှာ စိတ်ထဲ လေးလံတာနဲ့ မပျော်ရွှင်တာနဲ့ပဲ ဖုံးလွှမ်းနေတယ်။ ရေးဖူးတဲ့ကဗျာထဲကလို ပျော်ရွှင်မှုဆိုတာ ဘာအရောင်လဲလို့ မေးရမလိုပါပဲ။ ပြီးတော့ ခုထိ အဖြေ ထင်ထင်ရှားရှား မရပြန်ဘူး။ ရက်တွေသာ တရက်ပြီးတရက် ကုန်သွားပေမယ့် ဘာမှ မပြီးမြောက်လိုက်သလိုပဲ ခံစားရတဲ့နေ့တွေ ညည်းတွားတာ မဟုတ်ချင်ပေမယ့် ဒီအကြောင်းပဲ ခေါင်းထဲ ရောက်နေတော့တာ။ ဒီရက်ပိုင်းမှာ နားထဲ ပြန်ကြားနေတာက Vance Joy ရဲ့ Riptide သီချင်းပဲ။ အဟောင်းတွေသာ အကောင်းဆုံးဆိုတဲ့ စကား ရှိခဲ့တော့ အဲဒါမှန်ကြောင်း ထောက်ခံရမလိုပဲ။ ရေးရင်း ခပ်မဲ့မဲ့ ပြုံးမိပြန်ပြီ။ ကိုယ့်ကိုယ်ကို ချဉ်နေတဲ့ အာလူးတစ်လုံးလို ခံစားရတယ်။ ဒါမှမဟုတ်ရင် အရောင်တွေပြောင်းနေတဲ့ တိမ်၊ သစ်ပင်နဲ့ခပ်လှမ်းလှမ်းမှာ ကျနေတဲ့ အနာအဆာနဲ့သစ်သီးတစ်လုံး။ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ခံစားမှုကလွဲရင် ကျန်တာ ဘာမှ အဓိပ္ပါယ်မရှိဘူးထင်ရတယ်။ တစ်ခုခုကိုတော့ ကျနော်တို့ ခံစားနေကြရတာပဲ။ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ကောင်းတာ၊ ဆိုးတာ၊ သတိရတာ၊ လွမ်းတာ။ စိတ္တဇနာမ်တွေလေ၊ ပြီးတော့ ဒါတွေကပဲ ကျနော်တို့ဘဝကို ပိုအဓိပ္ပါယ်ရှိလာအောင် လုပ်ပေးတယ်။ ခံစ...