နှစ်တွေ ကြာသွားပြန်ပြီ။
ဒီလိုနဲ့ အသက်ကြီးသွားတော့မလားမသိ။
ဒီနှစ်တွေမှာ စိတ်ထဲ လေးလံတာနဲ့ မပျော်ရွှင်တာနဲ့ပဲ ဖုံးလွှမ်းနေတယ်။
ရေးဖူးတဲ့ကဗျာထဲကလို
ပျော်ရွှင်မှုဆိုတာ ဘာအရောင်လဲလို့ မေးရမလိုပါပဲ။
ပြီးတော့ ခုထိ အဖြေ ထင်ထင်ရှားရှား မရပြန်ဘူး။
ရက်တွေသာ တရက်ပြီးတရက် ကုန်သွားပေမယ့်
ဘာမှ မပြီးမြောက်လိုက်သလိုပဲ ခံစားရတဲ့နေ့တွေ
ညည်းတွားတာ မဟုတ်ချင်ပေမယ့် ဒီအကြောင်းပဲ ခေါင်းထဲ ရောက်နေတော့တာ။
ဒီရက်ပိုင်းမှာ နားထဲ ပြန်ကြားနေတာက
Vance Joy ရဲ့ Riptide သီချင်းပဲ။
အဟောင်းတွေသာ အကောင်းဆုံးဆိုတဲ့ စကား ရှိခဲ့တော့
အဲဒါမှန်ကြောင်း ထောက်ခံရမလိုပဲ။
ရေးရင်း ခပ်မဲ့မဲ့ ပြုံးမိပြန်ပြီ။
ကိုယ့်ကိုယ်ကို ချဉ်နေတဲ့ အာလူးတစ်လုံးလို ခံစားရတယ်။
ဒါမှမဟုတ်ရင်
အရောင်တွေပြောင်းနေတဲ့ တိမ်၊
သစ်ပင်နဲ့ခပ်လှမ်းလှမ်းမှာ ကျနေတဲ့ အနာအဆာနဲ့သစ်သီးတစ်လုံး။
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ခံစားမှုကလွဲရင် ကျန်တာ ဘာမှ အဓိပ္ပါယ်မရှိဘူးထင်ရတယ်။
တစ်ခုခုကိုတော့ ကျနော်တို့ ခံစားနေကြရတာပဲ။
ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ကောင်းတာ၊ ဆိုးတာ၊ သတိရတာ၊ လွမ်းတာ။
စိတ္တဇနာမ်တွေလေ၊ ပြီးတော့ ဒါတွေကပဲ ကျနော်တို့ဘဝကို ပိုအဓိပ္ပါယ်ရှိလာအောင် လုပ်ပေးတယ်။ ခံစားမှုမရှိရင် ကျနော်တို့ဟာ စက်ရုပ်တွေလို ဖြစ်ကုန်မှာပဲ။
ဘဝက အဓိပ္ပါယ်မဲ့သွားမယ်။
ဘယ်တုန်းကမှ လူတွေ တယောက်ကိုတယောက် နာကျင်အောင် လုပ်တာကို သဘောမကျခဲ့ဘူး။
တယောက်အပေါ် တယောက် ကြင်နာနေရင် အားလုံး အေးချမ်းနေမှာပဲ။
ဒါက မဖြစ်နိုင်တဲ့ ယူဆချက်ပါ။
ဘုရားရှင်တွေ ၊ ဖန်ဆင်းရှင်တွေတောင် မလုပ်ပေးနိုင်ခဲ့တဲ့ အရာပဲလေ။
ဒီတော့ လူတွေက အသွင်ကွဲပြားနေဦးမှာ။ ဆိုးနေဦးမှာ ။ ကောင်းနေဦးမှာ။
ဒီတော့...
ကိုယ်တတ်နိုင်သလောက် ကူညီဖို့နဲ့ ကြင်နာမှုပေးနိုင်ဖို့ပဲ ကျန်တယ်။
ပြီးရင်လည်း ကိုယ်ကူညီခဲ့တာကို မေ့ပစ်ဖို့လည်း လိုဦးမယ်။
ဒါမှ ကိုယ်ကူညီခဲ့သူက ကိုယ့်ကို ကျေးဇူးပြန်မပြုတဲ့အခါ စိတ်ထဲ မခံစားရပဲ နေနိုင်မယ် မဟုတ်လား။
ဒီစာကို ဒီမှာ ရပ်သင့်ပြီထင်တယ်။
သိပ်ကို drama ဆန်နေပြီထင်ပါတယ်။
ခေတ်က ကြမ်းတမ်းနေတော့ ရေးသမျှကလည်း ကဗျာမဆန်နိုင်ဘူး ထင်ပါတယ်။
ကျနော်ကတော့ ချစ်မလား၊ မုန်းမလား မေးရင် ချစ်ဖို့ပဲ ကြိုးစားမှာပဲ။
ချစ်တာက မုန်းတာထက်စာရင် နေလို့ ပိုကောင်းတယ်လို့ ထင်တယ်။
အချစ်ခံနေရတာကလည်း အမုန်းခံနေရတာထက် ပိုကောင်းတယ်လို့မြင်တယ်။
ခံစားရတာချင်းအတူတူ
ချစ်ပြီး သတိရနေတာက မုန်းပြီး နာကျည်းနေတာထက် ပိုကောင်းတယ်။
ပြီးတော့
အချစ်က စွမ်းအင်တမျိုးပဲ မလား။
ပျက်ပြယ်သွားတာမျိုး မရှိပါဘူး။
Form ပုံစံ ပြောင်းလဲသွားတာမျိုးပဲ ဖြစ်မယ်၊
မီး၊ အပူ၊ ရေ၊ ရေခဲ၊ အငွေ့ စတာလိုတွေပဲပေါ့။
ဒီလိုပဲ ရွေ့လျားသွားတယ်။
ထင်ပါတယ်။
အချစ်နဲ့ပတ်သက်ပြီး လူတွေရဲ့ ကန့်သတ်မှုတွေကိုလည်း သဘောမကျမိပြန်ဘူး။
ဘာဆို ဘာဖြစ်ရမယ်။ ဘယ်အခြေအနေမှာ ဘယ်လိုအနေအထား ရှိရမယ်ဆိုတာမျိုး။
လူတွေက ငတုံးတွေပဲ မဟုတ်လား။
အချစ်နဲ့ပတ်သက်ပြီး လူတွေရဲ့ သုံးသပ်ချက်ဟာ အမှားများတယ်လို့ ယုံကြည်တယ်။
အချစ်ဆိုတာကတော့ ဘာမဆို ဖြစ်နိုင်တယ်။
ပြီးတော့ ဘာမှမဟုတ်တာလည်း ဖြစ်နိုင်တယ်။
ကျနော်တို့ တတ်နိုင်တာက တယောက်ယောက်ကို တွေ့တဲ့အချိန်၊ သိတဲ့အချိန်မှာ
ကူညီဖို့နဲ့ ကြင်နာပေးဖို့ပဲမလား။
(သည်းခံနိုင်စိတ်ကုန်သွားရင်တော့လည်း မပြောတတ်ဘူးပေါ့လေ။)
ဘဝကတော့ ဒီလိုပဲ ရွေ့လျားသွားတာပဲမလား။
သတိရစိတ်ဟာလည်း အချိန်အကန့်အသတ် မရှိပါဘူး။
သီချင်းတစ်ပုဒ်ကို နှစ်များစွာကြာအောင် သဘောကျမိနိုင်သလို
တချို့အသံတွေမှာလည်း ကြင်နာစိတ်ဟာ တိမ်းညွှတ်နိုင်တာပါပဲ၊
တခါမှ မမြင်ရရင်တောင်မှပဲပေါ့။
နရီမင်းထက်
၁၀၄၂၃
I’m glad you still updating this page. Be safe. Wishing you and the family well. #H
ReplyDelete