ကဗျာဆရာ
(၁)
လွန်ခဲ့တဲ့တစ်ချိန်တုန်းက
မောင်နေသန် (သူ့ကလောင်နာမည်က အဲ့လို)က ညွှန်းလို့ ဇာတ်ကားတစ်ကား ရှာကြည့်ဖူးသည်။
The Philosophers - After the Dark ထင်သည်။
ဖီလိုဆော်ဖာ သင်တန်းသားတွေကို သူတို့ဆရာက နောက်ဆုံး ဖိုင်နယ်အဖြစ် Thought Experiment တစ်ခု လုပ်ခိုင်းသည်။
logic ကျကျ ဆင်ခြင်ခိုင်းခြင်း ဖြစ်သည်။
ကမ္ဘာပျက်ပြီဆိုပါစို့။
Shelter တစ်ခု ရှိမည်။
အဲ့ဒီ Shelter ထဲ ကျန်ရစ်နေထိုင်နိုင်သူက အသက်ရှင်သန်ရမည်။ အနာဂတ်ရဲ့လူသားတွေ ဖြစ်လာမည်။
ပြဿနာက Shelter က အချိန်အကန့်အသတ်၊ လူအကန့်အသတ် ရှိသည်။
ဒီတော့ ကမ္ဘာပျက်ချိန် ကပ်ဆိုးကျချိန်မှာ အဲ့ဒီ Shelter ထဲ ရှင်သန်ကျန်ရစ်ဖို့ရာ ဘယ်သူတွေက သင့်တော်သလဲ။
ဘယ်လိုလူတန်းစားတွေက သင့်တော်သလဲ ဆိုတာ ဖြစ်သည်။
တကယ့် Brain Stroming လုပ်ခိုင်းခြင်း ဖြစ်သည်။
ထားပါ။ အဲ့ဒါက။
အဲ့ထဲမှာပါတဲ့ ဇာတ်ဝင်ခန်းကို ပြောချင်တာ ဖြစ်ပါသည်။
ဇာတ်လမ်းထဲမှာတော့
Shelter ထဲကို ၀င်ဖို့ လူရွေးချယ်ရာမှာ တစ်ယောက်က ကဗျာဆရာ ဟု ပြောလိုက်သည်။
အဲဒီ ကဗျာဆရာ ဆိုတဲ့လူကို ချက်ချင်း သေနတ်နှင့် ပစ်သတ်လိုက်လေသည်။
ဆိုလိုတာက ကမ္ဘာအတွက် ရှင်သန်ကျန်ရစ်ဖို့၊ ကမ္ဘာကြီး ပြန်တည်ဆောက်ဖို့၊ မရှိမဖြစ်လိုအပ်တဲ့ သူတွေထဲမှာ
ကဗျာဆရာ ဆိုတဲ့ အမျိုးအစား မပါ ဟု ရည်ညွှန်းခြင်းလား။
(၂)
ကဗျာဆရာက အနုပညာသည် အုပ်စု ထဲက ဖြစ်ပါသည်။
အလွန်ရှုပ်ထွေးသော ပြောရခက်သော အမျိုးအစားထဲက ဖြစ်သည်။
ဆိုတော့ အနုပညာ ဆိုတာ ဘာပါလိမ့်။
အမှန်တော့ ဆရာ ဇော်ဇော်အောင်ရဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း သတိရသွားလို့ ရေးမိသွားခြင်းသာ ဖြစ်ပါသည်။
ဆရာ့စာအုပ်ထဲမှာတော့
(တစ်ယောက်ယောက်က စိတ်ကူးပေါက်၍ ကောက်ကာငင်ကာ လုပ်လိုက်ရာက ကြုံကြိုက် တိုက်ဆိုင်ပြီး တစ်ခုခုဖြစ်သွားသည်။
ထိုတစ်ခုခုကို တွေ့ဆုံကြုံကြိုက်လိုက်သည့်ခဏတွင် သဘောကျ နှစ်ခြိုက်သွားသည်။ ကျေနပ်၍သွားသည်။ ဒါပါပဲ။
လိုအပ်သော အချိန်တွင် လိုအပ်သော မိန်းမတစ်ယောက် (သို့မဟုတ်) ယောက်ျားတစ်ယောက်နှင့် အတူအိပ်လိုက်ရတာမျိုး ဖြစ်သည်။)
စာ ၃၆၊ အနုပညာ။
(ဒါတွေ မြင်တွေ့ ကြားသိခံစားနေရရင် အဲဒါတွေကို ပြန်ရေးဖန်တီးပါ။ ရေးပါ။ ဖန်တီးပါ။ ဒါအလုပ်ပဲ။ လူ့အလုပ်ပဲ။
အရေးကြီးတာက အရေးကြီးသည်မှာ ထို... ပါးစပ်မှ ပြည်သူ့အတွက် အနုပညာ၊ ပြည်သူ့အကျိုးပြုစာပေ
အနုပညာ ဘာညာဆိုသော စကားလုံးတွေလည်းကောင်း... ပါးစပ်ကြီးက ထွက်မလာဖို့ပဲ ဖြစ်သည်။
ရေးစရာရှိရင် ရေးချင်ရင်ရေး။ ဖန်တီးစရာရှိရင် ဖန်တီးချင်ရင် ဖန်တီး။ ဒါပဲ။ ပြီးပြီ။)
စာ၃၈၊ ကြေးစည်သံဝတ္ထုတို။
ဆရာကတော့ အဲ့လို ခပ်ပြတ်ပြတ် ပြောသွားသည်။ ခုတော့ မရှိတော့။
ကျွန်တော်ကတော့ ဘာမှ မှတ်ချက် မပေးရဲ၊ မပေးလို။
မြန်မာနိုင်ငံမှာ အနုပညာ ဆိုတဲ့စကားလုံးက အတော်နတ်ကြီးတဲ့အထဲမှာ ပါလေသည်။
(၃)
အနုပညာတွေထဲမှာတော့ ကဗျာ နှင့် ပန်းချီက တော်တော် ပတ်သက်မှု နီးစပ်သည်ဟု ထင်သည်။
နှစ်ခုလုံးက ပိန်ပိန်လိန်လိန်နှင့် ကြိုးစားရခြင်း ဖြစ်သည်။
ကျန်တာတွေ ဥပမာ- သီချင်း၊ သရုပ်ဆောင်တာ ဘာညာက အောင်မြင်မှုရလျှင် ချမ်းသာနိုင်သည်။
ကဗျာ နှင့် ပန်းချီကတော့ မလွယ်ဟု ထင်သည်။ (မြန်မာပြည်မှာ
ဘယ်သူတွေ ဘယ်လောက်ထိ ကဗျာရေး ချမ်းသာ၊
ပန်းချီရေး ချမ်းသာသလဲ ကျနော် မသိပါ။ ၀န်ခံပါသည်။ တစ်ယောက်စ နှစ်ယောက်စ အဆင်ပြေချမ်းသာရုံနှင့်လည်း
ဒီအလုပ်က အောင်မြင်ကြီးပွားတတ်တဲ့အလုပ်စာရင်းထဲပါသည်ဟု ပြောလို့မရ)
ဘုရားခေတ်က ဂါထာတွေကို သီကုံးခဲ့တာကို ကဗျာလို့ ပြောနိုင်မလား။
ကဗျာက ခုခေတ်မှ ပေါ်လာတာ မဟုတ်တာတော့ သေချာသည်။
သို့တိုင် ကဗျာနှင့်ပတ်သက်၍ လူတွေ၏အမြင်မှာ အံ့အားသင့်စရာ ကောင်းနေပါသေးသည်။
ဆိုလိုတာက
ကိုယ့် Professional Field ထဲမှာ ကဗျာရေးတယ်လို့ ပြောလိုက်ရင် ဘယ်လို တုံ့ပြန်မှု မျိုး ရသလဲ ???
House Surgeon ဆင်းတုန်းက (သူတို့ကမေးလို့) ငါ ကဗျာရေးတယ်လို့ ဖြေလိုက်တဲ့အခါ သူငယ်ချင်းမတစ်သိုက်က ၀ါးခနဲ ရယ်ကြသည်။
သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား အဲ့လို ကဗျာမျိုးလားဟု စကြသည်။
နောက်တစ်ကြိမ် တစ်နေရာတွင် တစ်ယောက်က မေးလို့ ဖြေမိပြန်သည်။
အားတဲ့အခါ ကဗျာရေးပါသည် ဟု။
ထို ဆရာဝန်ကတော့ သူသိပါတယ်ဟူသော ဒီဇိုင်းဖြင့် ပြန်ပြောသည်။
အင်း ခုခေတ်ကတော့ မော်ဒန်တွေ ခေတ်စားတာပေါ့ ဟု။
ခက်တာက ကဗျာရေးတယ်ဟု ပြောလိုက်လျှင် လေးလုံးစပ် ဟုတ်ချင်ဟုတ်၊ မဟုတ်ရင် မော်ဒန်ပဲဟု လူတွေက(ကဗျာအ၀န်းအ၀ိုင်းမဟုတ်သူများက)
ယူဆကြခြင်း ဖြစ်သည်။
အလွန်ဆုံးသိမှ ပို့စ်မော်ဒန်ထိပါပဲ။ တိတိပပ သိတာမဟုတ်။ လေးလုံးစပ်၊ လင်္ကာ၊ မော်ဒန်၊ ပို့စ်မော်ဒန် ဒီအခေါ်အဝေါ် သိရင်ကို ဂိတ်ကုန်ပြီ။
ဒါကလည်း သိပ်တော့ မထူးဆန်းလှပါ။ ကဗျာကို စိတ်ဝင်စားနေမှ ဖြစ်သည်ကိုး။
တချို့ ထူးထူးဆန်းဆန်း ခေတ်ပေါ်ကဗျာကို ကြိုက်တတ် နှစ်သက်တတ်သူတွေလည်း ရှိသည်။ အဲ့လို လူတွေဆိုရင်တော့ ဘယ်တော့မှမမေ့တတ်။
တကယ့်ရှားပါးရတနာတွေကိုး။
(၄)
ရယ်စရာကောင်းတာ တစ်ခုတော့ ရှိသည်။
တစ်ခါက တစ်ညတွင် သူငယ်ချင်းဆရာဝန်တစ်ယောက်နှင့်အတူ ဆိုင်ကယ်စီး ပြန်လာကြသည်။
ည ကိုးနာရီခွဲလုပြီ။
အဲဒီနေ့က သူရော ကျွန်တော်ရော အလုပ်ပင်ပန်းလာကြသည်။ အလုပ်ထဲမှာ အဆင်မပြေမှုတွေ ဆက်တိုက်ကြုံလာကြရသည်။
အဲဒီအကြောင်းတွေ ဆိုင်ကယ်စီးရင်းနှင့် စားမြုံ့ပြန်ကြသည်။
ကျွန်တော်က တစ်ခါတစ်ခါ ဆိုင်ကယ်စီးရင်း စိတ်ထဲပေါ်ရာ ကဗျာရွတ်တတ်တဲ့အကျင့် ရှိသည်။
အဆင်မပြေတာတွေ ပြောကြရင်း ဆရာအောင်ချိမ့်ကဗျာကို သတိရသွားသည်။
ထို့ကြောင့် ထရွတ်သည်။
{ကောင်းကင်ကြီးတစ်ခုအောက်မှာ
ဘာမှအဆင်မပြေသူတစ်ယောက်ကိုမှ
ကြောက်စရာကောင်းတယ်ဆိုတာ
တရားမဲ့လွန်းပါတယ်။}
နောက်မှ လိုက်လာသော သူငယ်ချင်းမှ မေးသည်။
*အဲ့ဒါ ဘာရွတ်တာလဲ။
+ဆရာအောင်ချိမ့်ရဲ့ ကဗျာစာသားပါ။
*ဘယ်သူ။
+ဆရာအောင်ချိမ့်လေ။ မင်းမသိဘူးလား။ (အမှန်တော့ သူ စာသိပ်မဖတ်တာ၊ကဗျာစိတ်မ၀င်စားတာ သိရက်နဲ့မေးမိခြင်း ဖြစ်သည်။)
*သိဘူးလေ။ ဘာလို့ရွတ်တာလဲ။
+သူက မြန်မာပြည်မှာ တော်တော်နာမည်ကြီးတဲ့အထဲမှာပါတယ်။ ကဗျာဆရာကြီးပေါ့ကွာ။
ငါ ရွတ်တာက သူ့စာသားတွေက ငါတို့ ဒီနေ့ ကြုံတွေ့နေရတာနဲ့ တိုက်ဆိုင်တယ်ထင်လို့။
ငါ ခံစားရလို့။
* ဘယ်မှာ တူလို့လဲ။ ဘာမှလည်း မဆိုင်ဘူး။
+ အာ။ ငါတို့လည်း ဒီနေ့ ဘာလုပ်လုပ် အဆင်မပြေခဲ့ဘူးလေ။ အထင်လွဲအမြင်လွဲလည်း ခံရတယ်။
အဲ့တော့ ငါ ဒီစာသားကို သတိရသွားလို့။
* ငါတော့ ဘယ်လိုမှ မခံစားရဘူး။
+ အင်း ဒါတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားမှု ခံစားပုံခြင်း တူချင်မှ တူမှာပေါ့။
* ဟုတ်ပါဘူး။ ဘာမှဆိုင်ဘူး။
+ အင်း။ ထားလိုက်ပါ။ မင်းမှ ကဗျာ စိတ်မ၀င်စားပဲ။
(၅)
၂၀၁၆ ရဲ့ ညတစ်ည ဖြစ်ပါသည်။
(၆)
တောင်တွေးမြောက်ရေး ရေးဖြစ်နေခြင်းဖြစ်သည်။
မေးဦးမည်။
သင်တို့ဆိုရင်ရော
ကဗျာဆရာကို အသက်ရှင်သန်သင့်တဲ့လူစာရင်းထဲ ထည့်မှာလား။
ကဗျာဆရာတွေ မရှိရင်ရော ကမ္ဘာကြီးက ဘာဖြစ်သွားနိုင်လဲ။
မဖြေလည်း ဘာမှမဖြစ်ပါ။
နရီမင်းထက်
27.10.16

Comments
Post a Comment