Left Hand Man

Left Hand Man
.....................

မင်း အိပ်တဲ့အခါ
ငါ့ကို နှုတ်ဆက်ခဲ့ပါလို့
ငါ ပြောချင်ပေမယ့်
ငါ့မှာ တောင်းဆိုပိုင်ခွင့်မှ မရှိပဲ...

ဒီတော့
ငါ နာကျင်နေလိုက်တယ်...။

မင်းနဲ့ တခြားလူရဲ့ကြားမှာ
ငါဟာ ကြားညပ်နေပြီလား လို့လည်း တွေးတယ်၊
ဒီတော့ကာ
ငါဟာ ဝေးရာ ပြေးထွက်သွားချင်တယ်၊
တိမ်တွေနဲ့ လမ်းကြုံလိုက်လို့ရရင် လိုက်ချင်ပါတယ်
(သို့/တိမ်များ
ကျနော့်ကို ဆက်သွယ်ပေးပါ။

ပါးချိုင့်လေးဟာ ငါ့ရဲ့ blackhole ဖြစ်ပါတယ်။
ငါဟာ တွင်းနက်ထဲ ပြုတ်ကျတော့မယ့်
အာကာသလူ ပါ။
ဆွဲအား ဒဏ်က မလွတ်မြောက်နိုင်သူပေါ့။

တိရိစ္ဆာန်လေးတွေကို ချစ်ပါတယ်။
ခွေးစုတ်ဖွားလေးတွေကို ပါ။
အထူးသဖြင့် မင်း ညတိုင်း ပို့တတ်တဲ့
ခွေးလေးက သူ့ဖာသာ စောင်ကို လှိမ့်ပြီး ပတ်လိုက်တဲ့
gif ရုပ်ပုံလေးပေါ့။

ငါဟာ စိတ်ပုတ်တတ်သူပါ။
မင်း နဲ့ ဟိုတစ်ယောက်နဲ့ ဘယ်လိုအခြေအနေရှိမှန်း မသိပေမဲ့
သူနဲ့မင်းနဲ့ offline ဖြစ်သွားတဲ့အချိန် တူနေရင်တောင်
Her ဇာတ်ကားထဲက ရေနွေးကရားလို ဆူပွက်လာမိသူပါ။
ငါဟာ ပြာဖုံးနေတဲ့မီးတောင် တစ်ခုပါ။

ဓာတ်ပုံထဲမှာ သူမဟာ ရေခဲချောင်းကို ကိုင်ပြီး ပြုံးပြနေပါတယ်။
ပြီးတော့ အဲ့ဒါကို သဘောကျတဲ့အကြောင်း
ငါ မရေးဖွဲ့တတ်တော့ဘူး။
သာမန်လူတစ်ယောက်ဟာ
စူပါမင်းဖြစ်ဖို့ စိတ်ကူးယဉ်ကြည့်နေသလိုပေါ့။
ငါ စိတ်ကူးယဉ်မိခဲ့ပါတယ်။

(အဲ့ဒါက တကယ့်စိတ်ကူးယဉ်မှုသက်သက်ပါပဲ။
ဘယ်တော့မှ ဖြစ်မလာနိုင်ခဲ့ပါဘူးလေ။)

ငါတို့နှစ်ယောက်ရဲ့ တွယ်ငြိမှုဟာ
လူတစ်ယောက်က သူ့အရိပ်ကို ချစ်ခင်မိသလိုမျိုးပဲ။
အရိပ်ကို သဘောကျနေပေမယ့် အဲ့ဒါက
ဘယ်တော့မှ အစစ်အမှန် ဖြစ်လာမှာ မဟုတ်သလို
နေရောင်အောက်မှာ နေဖို့ ကြိုးစားရတာမို့
ပူလောင်လွန်းလှပါတယ်။
ဒီတော့
အေးမြတဲ့ အိမ်ထဲမှာပဲ နေပါ။
အရိပ် ငါ့ကို မင်း မမြင်ရပေမဲ့ မင်းအနားမှာ ရှိနေတယ်လို့ ယုံကြည်ပါ။

တကယ်တော့
ငါဟာ ချေတာ မဟုတ်ပါဘူး။
မင်းကို ဂရုစိုက် မပြရဲ ခဲ့တာပါ။
ငါဟာ အဲ့ဒီလို ခပ်လှလှကောင်မလေးတွေကို
ကြောက်ရွံ့တတ်သူတစ်ယောက်ပေါ့။

မင်း စကားနာထိုးမှပဲ သတိရတယ်
ငါဟာ
ပန်းကလေးတွေအကြောင်း ကဗျာရေးဖို့ မေ့လျော့နေတယ်
ပန်းကလေးတွေ...
ကမ္ဘာဦးလူသား အာဒမ်နဲ့ဧ၀တို့ရဲ့ဥယျာဉ်တော်က ပန်းကလေးတွေ၊
စံပယ်ပန်းဖြူဖြူမဟုတ်တဲ့ ပန်းဖြူဖြူလေးတွေပေါ့။
မဉ္ဇူသကနတ်ပန်းလား ပေါ့၊ ဟင့်အင်း။
ငါ နာမည်တစ်ခု ပေးလိုက်တယ်။
အဲ့ဒါ ဘာလဲ . . . . . မင်း သိပါတယ်။

တစ်စုံတစ်ယောက်က မင်းပို့စ်တွေကို အသည်းပုံပေးတဲ့အခါ
ငါ ပြုံးမိတယ်။
ငါ့ ကီးဘုတ်ထဲမှာလည်း အသည်းပုံလေးတွေ ရှိပါတယ်၊
ဒါပေမဲ့
အဲဒါဟာ ကျိန်စာတစ်ခုဖြစ်ပြီး
ကခုန်မြူးတူးနေတဲ့ စတစ်ကာလေးတွေကိုပဲ
မဖြစ်မနေ ရွေးချယ်ခဲ့ရတယ်။

ငါ စောက်ရမ်းစကားပြောချင်နေတဲ့အချိန်မှာ
မင်းက အိပ်ပျော်နေတယ်
(အဲ့လို ငါ ထင်တယ်)
ငါ မင်းကို စိတ်ဆိုးရမလား
ဟင့်အင်း
မင်းနာမည်ကို ငါ ထိုင်ရေရွတ်
အိပ်မက်လှလှ မက်ပါစေ ကလေးရေ
လို့ ဆုတောင်းပေးလိုက်တယ်။

ပြီးတော့ ငါ ... နာကျင်နေလိုက်တယ်။

လူတစ်ယောက်ဟာ သူ အထီးကျန်ချိန်မှာ
တစ်စုံတစ်ယောက်နဲ့ စကားပြောဖို့ လိုအပ်တယ်မလား
ဒါပေမဲ့... သက်တန့်ဆိုတာမျိုးက မြင်ရုံပဲမြင်ရပြီး
ကိုင်တွယ်ကြည့်ဖို့ မဖြစ်နိုင်တာမျိုးပဲ။

ဒီတော့ ငါ ... နာကျင်နေလိုက်တယ်။

အရင်တုန်းကစိတ်နဲ့ဆိုရင်
နာရီမိနစ်လေးတွေ တိုက်ဆိုင်တိုင်း
စကရင်ရှော့ပြီး My day မှာ တင်မိဦးမယ်၊
ခုတော့
11:11 ဆိုရင်တောင် မသိချင်ယောင်ဆောင်ပြီး
မျက်နှာလွှဲထားလိုက်တယ်၊
လူဆိုတာက ဆုံတွေ့ပြီးရင် ခွဲခွာရတာမျိုးပဲ၊
မင်း...အမြန်ဆုံး နေကောင်းပါစေ လို့ ဆုတောင်းလိုက်တယ်၊
ပြီးတော့
ငါ . . . နာကျင်နေလိုက်တယ်၊

ဘာပဲဖြစ်ဖြစ်
ငါဟာ အရိပ်ပါ
တစ်ခါတလေ အခက်အခဲနဲ့ ကြုံရလို့
ပူလောင်ခြင်းတွေ ရှိတဲ့အခါ
မြေပြင်ကို ငုံ့ကြည့်ပါ၊
အဲ့ဒီမှာ ငါဟာ ရှိနေမယ်၊
ပြီးတော့ မင်း ရင်ဖွင့်ချင်တာတွေကို ဖွင့်ပြောပါ၊
စိတ်ရှည်လက်ရှည် ငါ နားထောင်ပေးမှာပေါ့။
ငါဟာ အဲ့ဒီလို မင်းရဲ့ဘယ်ဘက်ကလူ တစ်ယောက်ပေါ့။

ကဗျာတိုင်းမှာ... အဆုံးသတ် ဆိုတာ ရှိရမှာပဲ မဟုတ်လား
ဒီတော့ ငါ ဒီကဗျာကို ဒီနေရာမှာ အဆုံးသတ်လိုက်တယ်၊
တောနဲ့တောင်တန်းရဲ့တစ်နေရာ
သဘာဝရဲ့စိမ်းလန်းမှုနဲ့ လရောင်အောက်ဘက် တစ်နေရာမှာပေါ့ ကလေးရယ်။  ။

နရီမင်းထက်
၂၂၉၁၈

Comments

Post a Comment

Popular posts from this blog

မြစ်ပျိုမ - ၂

ကဗျာဆရာ