Mal

Mal
......

တချို့အကြောင်းအရာတွေက မေ့လို့ရတယ်၊
တစ်ချို့အဖြစ်အပျက်တွေက မေ့လို့မရဘူး၊
ရော့ ဒါက အနီ၊ ဒါက အပြာ ဆေးတောင့်
ဘယ်ဆေးတောင့် ယူသောက်သောက်
မင်း အတိတ်က အဖြစ်အပျက်တွေ မေ့သွားလိမ့်မယ်
ဆိုရင် သိပ်ကောင်းမယ်။။

၁၉ နှစ်မှာ ငါတို့ စမတွေ့ခင် ရပ်တန့်၊
မင်းရဲ့ခုံနောက်မှာ ငါဝင်မထိုင်ခင် ရပ်တန့်၊
မင်းဝတ္ထုဖတ်နေတာကို ငါ မမြင်ခင် ရပ်တန့်၊
သူငယ်ချင်းအိမ်မှာ စာသွားမကျက်ခင် ရပ်တန့်၊
ငါ့ကဗျာကိုကူးထားတဲ့မင်းစာအုပ်ကို ငါမမြင်ခင် ရပ်တန့်၊
မင်းကိုငါ ကဗျာတစ်ပုဒ်ရေးမပေးခင် ရပ်တန့်၊
မင်းကိုငါ တောသူမလို့မခေါ်ခင်လေး ရပ်တန့်၊
လက်ဖက်ရည်ဆိုင်မှာ မင်းကိုငါခိုးမကြည့်မိခင် ရပ်တန့်၊
ကော်ရစ်ဒါမှာ နှစ်ယောက်သား အတူမုန့်မစားခင် ရပ်တန့်၊
ငါ့ဆိုင်ကယ်နောက်ကို မင်းမတက်ခင်လေး ရပ်တန့်၊
Express ကားပေါ်မှာ မင်းရှိတဲ့နေရာငါဝင်မထိုင်ခင် ရပ်တန့်၊
သစ်ရွက်ပေါ်မှာ မင်းရေးတဲ့စာ ငါမဖတ်မိခင် ရပ်တန့်၊
မင်းအတွက်ငါရေးတဲ့စာအုပ်ကို မင်းမဖတ်ရခင် ရပ်တန့်၊
သေနတ်ကိုင်ထားတဲ့မင်းကို ငါဓာတ်ပုံမရိုက်ခင် ရပ်တန့်၊
ငါ့ဖုန်းထဲက မင်းနံပါတ်ကို မနှိပ်မိခင် ရပ်တန့်၊
မင်းမွေးနေ့အတွက် ၀ယ်ထားတဲ့လက်ဆောင်အရုပ် ငါထုတ်မပေးခင် ရပ်တန့်၊
ပုဂံဘုရားပေါ်မှာ နှစ်ယောက်အတူဓာတ်ပုံတွဲမရိုက်ခင် ရပ်တန့်၊
မင်းက တစ်မြို့၊ ငါက တစ်မြို့
တစ်ယောက်ကိုတစ်ယောက် အငြိုးအတေးမရှိခင် ရပ်တန့်၊
မင်းက တုံဏှိဘာဝေ လုပ်နေပြီး ငါက စကားတွေတောက်လျှောက်မပြောခင် ရပ်တန့်၊
မင်းက ဆံပင်ကာလာခြယ်ပြီး ငါ့ဖုန်းနံပါတ်ကို မသိကျိုးကျွံ မပြုခင် ရပ်တန့်၊
ငါက တစ်ချိန်လုံး မူးနေပြီး မင်းက အမှားအယွင်းကို မှန်ဘောင်မသွင်းခင် ရပ်တန့်၊
ငါက တစ်စစီဖြစ်နေချိန် မင်းက မိုးတွေတစ်သိမ့်သိမ့်မရွာခင် ရပ်တန့်၊
မင်းက လမ်းဆက်လျှောက်နေပြီး ငါက လှမ်းဆွဲဖမ်းဖို့ကြိုးစားချိန်မှာ ရပ်တန့်၊
ရပ်တန့်ပြီးရင်းရပ်တန့်...။

ငါ စဉ်းစားမိတာ တစ်ခုရှိ၊ ပြီးတော့ ငါ ပြန်မေ့သွားတယ်။

ဘာမိုးဘာမုန်တိုင်းမှမရှိပဲ ငါ့မှာ တစိမ့်စိမ့် ရွှဲရတယ်၊
ငါ့တစ်ကိုယ်လုံးကို ပုလင်းထဲ နှစ်ပစ်လိုက်ပြီ၊
မင်းရှိတဲ့အရပ်မှာ နေကြာပန်းတွေ ပွင့်ပါစေ၊
ငါပိတ်လိုက်တဲ့စာအုပ်ထဲမှာ စကားလုံးတစ်လုံးဟာ မင်းပေါ့၊
မင်း ရှုထုတ်လိုက်တဲ့လေထဲမှာ ငါတို့အတိတ်တွေ ပါသွားလား၊
မနာကျင်ချင်စရာပါကွာ၊
အဲဒီတော့...
သံယောဇဉ်ကို ခြောက်ပေတွင်းထဲ ဆက်နှစ်မြုပ်ထား။ ။


နရီမင်းထက်
18617

P.S/ Mal ဆိုတဲ့နာမည်က Inception ထဲက ယူသုံးတာပါ။

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ