Cobb

Cobb
.........
နံရံပေါ်မှာ အချိန်တွေ တစ်စက်စက် စီးကျနေတယ်၊
ငါတို့ထွင်းထုခဲ့တဲ့ဓာတ်ပုံတွေကို ဘယ်လိုပြန်ဆုတ်ဖြဲပစ်ရမလဲ၊
အောက်ကို ငုံ့ကြည့်တော့ တိမ်တွေ ဒရွတ်တိုက်သွားလာနေကြ၊
' Shame on you, batsy " ဆိုပြီး ဂျိုကာ့အော်သံကြီးကို ကြားလိုက်ရ၊
ငါ ရှူသွင်းနေတဲ့အောက်စီဂျင်ဟာ မီးထတောက်မတတ်ပဲ၊
လက်ထဲမှာ သော့တစ်ချောင်းရှိပေမယ့်
သော့ခလောက်ကတော့ ပျောက်ဆုံးနေခဲ့တာပါ၊
ဆိုလိုတာက ကမ္ဘာကြီးလည်ပတ်နေတာကို ငါကောင်းကောင်းအသိအမှတ်ပြုမိတဲ့နေ့က
တစ်ယောက်ယောက်ကတော့ စိတ်နာနာနဲ့ငိုကြွေးနေရတာမျိုး၊
' Be careful ' လို့ မရှိတဲ့ ကိုယ်စောင့်နတ်က ပြောလိုက်တယ်၊
ဓားရေးလှံရေးပြတဲ့နေရာမှာ ရောက်နေပေမယ့်
စစ်တံပိုးခရာသံကိုတောင် ပီပီပြင်ပြင် မမှုတ်နိုင်ခဲ့တဲ့လူအဖြစ်ပါ၊
ရင်ဘတ်ပေါ်မှာ တက်တူးလှလှလေး ထိုးပေးသွားတာ ကျေးဇူးတင်တယ်၊
သေရာပါတာပေါ့ကွာ၊
သီချင်းတွေလည်း တစ်ပုဒ်ပြီးတစ်ပုဒ် မျိုချဖြစ်တယ်၊
အိပ်မက်မက်လိုက်တိုင်း တောင်တုန်းတစ်ခုပေါ်မှာ
ငါ သေဆုံးနေပုံကြီးကိုပဲ မြင်မက်ရ၊
မမြင်ရတဲ့ပိုးကောင်လေးတွေက ငါ့အစာအိမ်ကို ဖျက်ဆီးနေသတဲ့၊
' မလုပ်ပါနဲ့ '
ငါ အော်ဟစ်တားရင်းက မင်းဟာ အောက်ကို ခုန်ချလိုက်တာပဲ၊
လူမှုဗေဒဆက်ဆံရေးတစ်ခုလုံး
ဝုန်းခနဲ ပြိုဆင်းသွားတယ်၊ (ပျင်းစရာကြီး)
ဖြစ်နိုင်ရင်တော့ အနက်ရောင်ဦးထုပ်တစ်လုံးထဲ ၀င်ပုန်းနေချင်တော့တယ်၊
ဟောဟိုမှာ...
အနက်ရောင်ဦးထုပ်တစ်လုံး လေထဲပျံဝဲလာနေတယ်ပေါ့၊
ဒါမှမဟုတ် ဂျာကင်တစ်ထည် လေထဲ ပျံလာနေတယ်ပေါ့၊
အဲဒီလို...
တစ်ချိန်လုံး ဟန်းနေတာ၊
တစ်ချိန်လုံး Firmware ကျနေတာ၊
တစ်ချိန်လုံး not enough space ဖြစ်နေတာ၊
ဟောဒီမှာကြည့် မြင်လား
မင်းပေးတဲ့ဒဏ်ရာကို ချုပ်ရိုးပျောက် ချုပ်ထားတာ၊
ပြန်ဖြည်စရာမလိုဘူးလေ၊
ချုပ်ရိုးတွေက သူ့အလိုလိုကြွေသွားမှာ၊
မိုက်တယ်နော်၊ ဟဟ လို့ပဲရယ်။
' ဆရာ ကျနော် ညဆို အိပ်လို့မရဘူး '
' ရတယ်၊ ကျနော် ခင်ဗျားအတွက် အိပ်ဆေး on ပေးမယ် '
ဆေးသောက်ပြီးတော့ လူနာ အိပ်ပျော်သွားတယ်၊
သူ ဘာအိပ်မက်များ မက်နေမလဲ၊
ဆေးရုံထဲမှာ လူနာတွေ လူနာစောင့်တွေ အတုံးအရုံး အိပ်လို့။
အိပ်မပျော်သူ တစ်ယောက်တော့ ရှိ၊
အပေါ်ဆုံးထပ် ခေါင်မိုးပေါ်တက်
လ ကို ငေးမောကြည့်နေသူတစ်ယောက်လေ........။ ။
နရီမင်းထက်
7.7.17
P.S/ Cobb ဆိုတဲ့နာမည်ကို Inception ရုပ်ရှင်ထဲက ယူပါတယ်။

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ