Dreamy
ပျော်ရွှင်မှုဆိုတာ ချိုနဲ့လားလို့ မေးရမလိုတောင် ဖြစ်နေတယ်၊
ငယ်ငယ်က ယုံကြည်ခဲ့သမျှ လွဲခဲ့၊
ကြီးပြင်းလာတော့ ပိုလွဲခဲ့၊
လွဲခဲ့သမျှဟာ ဆက်ဆက်လွဲခဲ့ဖို့ပါပဲ၊
လွဲပြီးတော့ ချော်သွားတာ၊ ချော်ပြီးတော့ လဲသွားတာ၊
လဲပြီးတော့ ကျသွားတာ၊ ကျပြီးနောက် နာကျင်လာတာ၊
နာကျင်မှုက infinity ပဲ၊
ကမ္ဘာကြီးပေါ်မှာ မတ်တပ်ရပ်ပြီး ငရဲကို ဖြတ်သန်းနေတယ်၊
အခန်းတံခါးကို ဆောင့်ပိတ်လို့ အပြင်ထွက်သွားသူ မင်း၊
မင်း ပြန်လာမယ်ဆိုတော့ တံခါးဟာ ပျက်စီးခဲ့ပြီ၊
ဖွင့်ထားမယ့်တံခါးအစား ဆူးကိုင်းတွေ ခြုံနွယ်တွေ ကျောက်စရစ်ကြမ်းတွေ ပြည့်နှက်လို့၊
အိမ်ထဲက လူဟာ ကြေကွဲလို့
ပြန်ဝင်ဖို့ ကြိုးစားတဲ့ မင်း ဟာ နာကျင်လို့၊
'' အဖြစ်အပျက်တွေဟာ သိပ်ဆန်းကြယ်...
ချစ်လျက်နဲ့ပဲ ဝေးရတယ် . . . . . "
Blackhole ထဲ ခုန်ချခဲ့သူကို ဘယ်လိုပြန်ဆည်ယူရမလဲ
ကွဲသွားတဲ့ ဖန်သားအရုပ်လေး ပြန်ဆက်ပေးကြပါ။
နင့်ကိုမုန်းတယ်လို့ ပြောပြီး ချော်ရည်ပူတွေကို ပါးစပ်ထဲ လောင်းထည့်နေလိုက်တယ်၊
တစ်စုံတစ်ယောက်ဟာ နေရာအထားအသို လွဲခဲ့ပြီ၊
အဝေးကို ငေးမယ်၊
မင်းအကြောင်း မတွေးဘူး၊
လေထဲမှာ လှိုင်းတွေ ရှိတယ်၊
သူ့အလိုလို ရောက်ရှိတုန်ခါပါလိမ့်မယ်..
ငါ...ဒါပဲ တတ်နိုင်တယ် . . . အချစ်ရယ် . . . ။ ။
နရီမင်းထက်
1.9.17

Comments
Post a Comment