ဆိုးသွမ်းမှု ဆိုဘေမယ့် . . .

တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်နေရတာ မကောင်းဘူးလား၊
သံယောဇဉ်ကို ရောင်းစားဖို့ ကြံရင်တောင် ငါဟာ လက်ထဲမှာ တစ်ပြားမှမရှိသူ၊
လရောင်ကိုကြည့်လို့ပြောလည်း မကြည့်ဘူး၊
သာယာမှုဆိုတာကို အဘိဓာန်ထဲမှာ မှင်နီတားပြီး ခြစ်လိုက်ပြီ၊
အိပ်မက်ဆိုတာ အတုအယောင် စိတ်ကူးယဉ်မှု၊ လှည့်စားမှုတစ်ရပ်၊
နာကျင်မှုသာ ဒဏ်ရာအစစ်အမှန်ပဲ၊
ဘာမှလုပ်လို့ မရဘူးမလား၊ ဒီလိုပဲ ဖြစ်တတ်တယ်၊
နားကြပ်ကို နားထဲက ဆောင့်ဆွဲထုတ်လိုက်၊
ချေနေတဲ့လူတွေအားလုံးကို တစ်စစီပြန်ခြေပစ်၊
ကဗျာဆိုတာ ကိုယ်ရေးချင်မှ ဖြစ်တာ၊
Queer Platonic Relationship ဆိုတဲ့အတိုင်း။
'' Havana " ဆိုတဲ့ သီချင်းကို လိုက်ညည်း၊ ပြီးရင်
" သူငယ်ချင်းသံယောဇဉ် " ဆိုတာကို Cover Song တစ်ပုဒ် ပြန်လုပ်ဆိုရအောင်၊
နင့်လက်ထဲက မှင်နီဘောပင်ကို လွှင့်ပစ်လိုက်၊
မင်းဟာ သိပ်ဟန်ဆောင်တတ်တဲ့ မာယာ၊
ဒီလိုပဲ၊ မသောက်တာကြာတော့ ညဘက်တွေ အိပ်မပျော်ပြန်ဘူး၊
အားလုံး ကိုးကားလို့ရအောင် အမိုက်စားစာသားနှစ်ကြောင်းကို ရှာဖွေရင်း
၂၇နှစ်လုံးလုံး ထုံကျင်ကိုက်ခဲလာတယ်၊
လုပ်သင့်တာကို မလုပ်ဖြစ်ရင်တောင်
လုပ်ချင်ရာကို လုပ်လိုက်ရလည်း အိုကေတယ် မဟုတ်လား၊
မင်း ရှေ့ကိုထွက်ခဲ့၊ အလင်းရောင်အောက်ကို တိုးခဲ့၊
စိတ်တစ်ခုလုံး ပူလောင်အိုက်စပ်နေပေမယ့် ငါလည်း မင်းလိုပဲ ရဲရင့်ဖို့၊
လတ်ဆတ်တဲ့စကားလုံးဆိုတာ သစ်ရွက်စိမ်းကလေးပေါ်မှာ
တစ်ပေါက်ပေါက်နဲ့ ခုန်ဆင်းနေတဲ့ မိုးရေစက်၊
ငါ့ကို နမ်းဖို့မကြောက်နဲ့...
ပူရှိန်ချိုချဉ်တွေ ငါ ၀ါးစားထားတာ နင့်တစ်သက်လုံး ။     ။။


နရီမင်းထက်
71017

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ