Aneuploidy
Aneuploidy
ငါတို့ဟာ သံချေးကိုက်နေတဲ့
သော့နဲ့သော့ခလောက်လိုပဲ ထင်ပါတယ်၊
မဝေးသွားဘူး၊
ဘယ်တော့မှလည်း နီးမလာဘူး
ခတ်လို့လည်း မရ ဖြုတ်လို့လည်း မရတဲ့
သော့နဲ့ သော့ခလောက်လိုပေါ့။
မအောင်မြင်ခြင်းဟာ ငါတို့သင်္ကေတပဲ။
နာကျင်မှုဟာ ငါတို့ရဲ့ကျိန်စာ
တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်ကြတယ်၊
တစ်ယောက်ရဲ့နာကျင်သံမှာ
တစ်ယောက်ဟာ ပျော်မွေ့တယ်၊
ငိုရှိုက်လိုက်ကြ (အောင်မြင်စွာ)
ရင်ဝမှာ စိုက်နေတဲ့ဓားတန်းလန်းနဲ့
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကြ။
အိပ်မက်ဆိုးတွေဟာ ငါတို့ရဲ့ဝတ်ရုံပဲ၊
အိပ်မက်ထဲမှာတောင်
တစ်ယောက်ကိုတစ်ယောက် နာကျင်စရာတွေ ပြောကြတယ်၊
နာကျင်အောင် လုပ်ကြတယ်၊
တစ်ချက်လောက် ပြုံးပြပြီး
မင်းလက်ချောင်းလေးတွေကို ငါက ဖြတ်တောက်လိုက်၊
ချိန်းဆောကို မနိုင်မနင်းမပြီး
ငါ့ခြေထောက်ကို မင်းက ဖြတ်လိုက်၊
အော်ဟစ်သံတွေကြားမှာ ငါတို့တူတူရယ်မောကြ၊
ကဲ...ဘယ်လောက် ရိုမန်တစ်ဆန်ခဲ့သလဲ
(သွေးတွေ ဝေါခနဲ ထောင်ပန်းသွား)။
မင်း အိပ်ပျော်နေတဲ့အချိန်မှာ
ငါက မင်းအခန်းထဲ အဆိပ်ပြင်းတဲ့မြွေတွေ
တစ်ဒါဇင်လောက် ထည့်ထားမယ်
မင်း ခန္ဓာကိုယ်ပေါ် မြွေတွေ တွားသွားတက်လာပြီး
ဝိုင်းဝန်းကိုက်ခဲမယ်၊
မင်း လန့်နိုးလာပြီး အော်ဟစ်အဆိပ်တက်နေမယ်၊
မလှဘူးလား၊ မင်းဟာ သေတဲ့အထိ ချစ်ဖို့ကောင်းနေမှာ။
အဲ့အတွက် ...
ငါပြန်ရတဲ့ မင်းရဲ့လက်စားချေမှုက
ညနေခင်း ငါ အပျင်းပြေလမ်းထွက်လျှောက်ရင်း
သံချွန်တွေ အပြည့်စိုက်ထားတဲ့ တွင်းထဲပြုတ်ကျသွားတာမျိုး၊
အချိုရည်ဗူးထဲ ကြွက်သတ်ဆေးတွေ ထည့်ထားတာမျိုး ဖြစ်မယ်၊
ငါ တအစ်အစ်နဲ့ အသက်ထွက်နေချိန်
မင်းက ခိုးခိုးခစ်ခစ် ရယ်မောနေလိမ့်မယ်။
မင်းသိလား၊
ငါတို့ဟာ ဘောင်မ၀င်တဲ့ နှစ်ယောက်ထဲ လူ့အဖွဲ့အစည်းပဲ၊
ငါတို့ဟာ ဘယ်တော့မှ အရောင်ညီအောင်ဆက်မရတဲ့ Rubik Cube
ငါတို့ဟာ စက်ရုံက ပိုထုတ်လိုက်မိတဲ့ Lego အတုံးလေးနှစ်ခု၊
ဘယ်မှာမှ အံမ၀င်ဘူး၊ ဖြည့်ဆည်းလို့ မရဘူး၊
မင်းဟာ လူ့အဖွဲ့အစည်းမှာ မရှိသင့်ဘူး၊
ငါဟာ လူ့လောက ကနေ ပျောက်ကွယ်သွားသင့်တယ်၊
ငါ အဲ့သလို ဆိုမယ်။
ဒါပေမဲ့
ငါတို့ဟာ ပြဿနာတစ်စုံပါ၊
မွေးပြီးပြီးချင်း သေသွားတဲ့ အမွှာကလေးလေးတွေလိုပေါ့၊
ဒါမှမဟုတ်
မရှိ၊ မဖြစ်သင့်တဲ့ Abnormal Chromosome အတွဲပေါ့၊
ဒါပေမဲ့...ငါတို့ချင်းဟာ အဆင်ပြေပါတယ်၊
နာကျင်မှုနဲ့ ပျော်ရွှင်နေခဲ့တာပါ၊
ပြဿနာအစစ်က ခုန်ပေါက်နေတဲ့ ကြိမ်လုံးတွေပဲ၊
လေထဲမှာ ပဲ့တင်နေတဲ့ အာပုတ်နံ့တွေပဲ၊
မစားရ၀ခမန်း ဓလေ့ထုံးတမ်း၊ အစဉ်အလာနဲ့ ရိုးရာပဲ၊
ဟန်ဆောင်ခြင်းနဲ့ ဖုံးကွယ်မှုပဲ၊
အဲဒါတွေ ၀န်းရံထားရင် မင်းလည်း မှားလို့မရဘူး၊
ငါလည်း ကန့်လန့်နေလို့ မရဘူး၊
ခက်တယ်၊
တစ်ယောက်ကို တစ်ယောက် သတ်နေရတုန်းကမှ
ပျော်ရွှင်ရသေးတယ် မဟုတ်လား။
ထားလိုက်ပါတော့...
ဒါတွေဟာလည်း အမှားအယွင်းတွေပါပဲ၊
တစ်ယောက်ကိုတစ်ယောက် ချစ်မိရင်
ဖွင့်သမျှတံခါးတိုင်းဟာ အမှားအယွင်းတွေပဲ၊
ပြောသမျှစကားတိုင်းဟာ အသူရကာယ်ပဲ၊
ချစ်ခြင်းတရားလောက် စက်ဆုပ်ဖို့ကောင်းတာ မရှိတော့ဘူး၊
ခုတော့ ငါတို့ဟာ လမ်းမှားကိုလည်း လျှောက်ခဲ့မိပြီမဟုတ်လား၊
တစ်ယောက်ကိုတစ်ယောက် ချစ်မိခဲ့တာ နှစ်ယောက်လုံး ' အ ' လို့ပဲ။
ဒီကဗျာကလည်း အလွန်ညံ့ဖျင်းတဲ့ Genetic Code ပဲ။
မိုက်မဲရူးသွပ်မှုသာ ငါတို့ဆီမှာ ဆက်ရှိနေစေချင်တော့တယ်။ ။
နရီမင်းထက်
311218 PM

Comments
Post a Comment