(၁)
ဒါကို ဘယ်လို ခေါင်းစဉ် ပေးရမလဲ မသိဘူး။
(၂)
ဒါကို ဘယ်လို စတင်ရမှန်းလည်း မသိဘူး။
(၃)
ဒါပေမယ့် ဒီလို ပြောတဲ့အချိန်မှာ နှစ်ကြောင်းမြောက်ကနေ သုံးကြောင်းမြောက်ကို ကူးနေပြီဆိုတော့
ဘယ်လိုစတင်ရမလဲလို့ ပြောတဲ့ စကားက အဓိပ္ပါယ် ရှိပါ့မလား။
အထက်မှာ ရေးခဲ့တဲ့
(၁)
ဒါကို ဘယ်လို ခေါင်းစဉ် ပေးရမလဲ မသိဘူး။
ဆိုတာက အစ၊ စတင်ခြင်း မဟုတ်ဘူးလား။
ဒါဆို ဘာလို့ အစနေရာမှာ ရောက်နေတာလည်း။
နှစ်ကြောင်းမြောက်မှာ ဘယ်လို စတင်ရမှန်းမသိဘူးလို့ ပြောလိုက်တာဟာ
တစ်ကြောင်းမြောက်က ဘယ်လို ခေါင်းစဉ် ပေးရမလဲ မသိဘူး ဆိုတာကို သွယ်ဝိုက် စော်ကားလိုက်တာမျိုးလား။
(၄)
အမှန်တော့ ဒါက စိတ်ထဲမှာ စာရေးချင်စိတ်ပေါ်လာလို့ ပေါ်လာတာကို ပေါ်လာတာအတိုင်း
(ထူးထွေစဉ်းစားဆင်ခြင်ခြင်း၊ ပြုပြင်တည်းဖြတ်ခြင်း မလုပ်ပဲ) ရေးကြည့်တာပါပဲ။
ဒီလို မရေးတာလည်း ကြာာခဲ့ပြီ မလား။
(၅)
ဘလော့မှာ New Post နှိပ်ပြီး တိုက်ရိုက်ရေးနေတာ ဖြစ်ပါတယ်။
(များသောအားဖြင့် ဖုန်းထဲမှာရေးပြီး နောက်ရက်တွေ စိတ်ကူးရမှ လိုအပ်သလို ပြင်ဆင်ပြီး ဘလော့ထဲ ကူးတင်တာရယ်။)
(၆)
အခုရေးခဲ့တာတွေမှာ ထူးထူးခြားခြား စာဖတ်သူကို အကျိုးပြုသော စာသား ပါဝင်မည်ဟု မထင်ပါ။
(၇)
ရေးသလတ္တံသော မှာလည်း ပါလိမ့်မည်ဟု မမျှော်လင့်စေချင်ပါ။
(၈)
လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ အသိအမြင်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။
ငယ်ငယ်က ဒါကို သိပ်လက်ခံလိုစိတ်မရှိပေမယ့် ကြီးလာတော့ မိမိကိုယ်တိုင်ရဲ့ ပြောင်းလဲမှုတွေအပေါ်မှာ
အံ့သြဘနန်း ဖြစ်ရပါတယ်။
(၉)
ကျွန်တော့်ရဲ့ လက်တော့ဟာ ခရမ်းရောင် ဖြစ်ပါတယ်။ ကျွန်တော့်က သူမကို Miss Violet လို့ နာမည်ပေးထားပါတယ်။
(၁၀)
အရင် စီးနေကျ 110 ဆိုင်ကယ်ဟာ တော်တော် န နေပြီမို့ ပြန်ရောင်းလိုက်ပါတယ်။
သူ့အစား အသစ်တစ်စီးရောက်လာပါတယ်။
ပါဝါရိန်းဂျား အပြာကောင် လို့ ခေါ်လိုက်ပါတယ်။
(၁၁)
အခုအချိန်မှာ ကျွန်တော်ဟာ ကတုံးဆံတောက်ကေနဲ့ ဖြစ်ပါတယ်။
(မိုက်ကယ်စကိုးဖီးကေ လို့ ပြောရင် မျက်စိအာရုံထဲ ပိုထင်ရှားမယ် ထင်ပါတယ်။)
ဘ၀မှာ မှတ်မှတ်ရရ မိုက်ကယ်စကိုးဖီးကေ သုံးခါ ရှိဖူးပါတယ်။
ဒုတိယတန်းတုန်းက ကိုရင်ဝတ်ပြီး လူထွက်တော့ တစ်ခါ၊
ဆယ်တန်းစာမေးပွဲဖြေခါနီး စိတ်ရှင်းအောင် ညှပ်လိုက်တော့ တစ်ခါနဲ့
အခုတစ်ခါ ရဟန်းထွက်ခါစ ဖြစ်ပါတယ်။
(၁၂)
စိတ်ထဲ ဘာမှ မရှိပဲ ရှင်းရှင်းလင်းလင်း ရေးနေတာ ဖြစ်ပါတယ်။
ဖတ်တဲ့သူကိုလည်း စိတ်ထဲမှာ ဘာမှရှိနေ ကျန်မနေ စေချင်ပါဘူး။
နရီမင်းထက်
9416

Comments
Post a Comment