ပိုတေးတိုး

လူတစ်ယောက်ဟာ နှင်းတွေအကြောင်းကို ဘယ်လောက်သိလဲ။

မမြင်ရတဲ့နှင်းတွေဆိုတာက လူတိုင်းလူတိုင်းရဲ့ဘ၀မှာ ရှိနေစမြဲပဲ။

ဘ၀မှာ တစ်ချို့လူတွေ တချို့အရာတွေက ပျောက်ဆုံးနေစမြဲပဲ။

ပျောက်ဆုံးနေတာ။

မေ့လောက်တဲ့တစ်ချိန်မှာ မီးခွက်စောင့်နတ်ဘီလူးမလေးလို ပေါ်လာမယ်။
သူတောင်းချင်တဲ့ဆုတစ်ခုကို တောင်းသွားမယ်။
ပြီးတော့ ဘယ်အချိန်မှာ ပြန်ဆုံမယ်လို့ အိပ်မက်လှလှပေးသွားမယ်။
ခင်ဗျားရဲ့သွားကို အိမ်ခေါင်မိုးပေါ် နောက်ပြန်ပစ်တင်လိုက်တဲ့အချိန်မှာ
ခင်ဗျား အညာခံမိပြီပေါ့။

တစ်ချို့လူတွေဟာ အသက်ကြီးလာတော့ ပုံပြင်တွေကို စွန့်လွှတ်လိုက်ကြတယ်။
ပုံပြင်ထဲက နတ်သမီးလေးနဲ့ သူတို့ ဘယ်တော့မှ မဆုံနိုင်ကြတော့ဘူး။

အဲ့ဒီတော့ သီချင်းတစ်ပုဒ်ကိုပဲ နားထောင်ပေါ့။
ထပ်တလဲလဲ ခံစားပေါ့။
ခွက်ထဲမှာ ကုန်နေတဲ့ ၀ီစကီကို ထပ်မဖြည့်ပဲ နှမျောတသနေလိုက်ပေါ့။။

သန်းခေါင်သန်းလွဲဆိုတာက အိပ်ပျော်ပြီး အိပ်မက်တွေကို မက်ရင်မက်
ဒါမှမဟုတ်ရင်တော့
အတိတ်က စကားလုံးတွေကို နားထဲမှာ ပဲ့တင်သံလို ပြန်ရေတွက်ရတဲ့
အခိုက်အတန့်ပေါ့။
ပုံပြင်ကတော့ ပုံပြင်ပါပဲ။
ဘစ်ဘက်ရဲ့ သီချင်းတစ်ပုဒ်ထဲကလို

ပုံပြင်လေးအဆုံးမှာ...ကျွန်တော် ကိုရွှေကျားကြီးဟာ...
ရွှေယုန်လေးအပြောမှာ ... တော်တော်လေးမျောပါ..ဆိုသလိုပေါ့။

ဒါပေမယ့် အေးဆေးပါ။
ဘယ် နှင်း ကရော အကြာကြီး တည်မြဲဖူးလို့လဲ။

ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး လမ်းလျှောက်ကျော်ဖြတ်ရမှာပေါ့။

ရှေ့မှာ နွေရာသီကို ရောက်တော့မှာပဲ။

သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး လိုက်ဆိုညည်းတာအပြင် ထူးပြီး ကြေကွဲမိမယ် မထင်ပါဘူး။


နရီမင်းထက်
10.2.19 1:10 AM 

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ