11.22.63

မြန်မာပြည်မှာ လူကြိုက်သိပ်မများပေမဲ့ ကျွန်တော် ကြိုက်တဲ့ မင်းသားတစ်လက်ရှိပါတယ်။
သူကတော့ James Franco ပဲ။ သူရဲ့ အနုပညာပေါ် အားစိုက်ထုတ်မှု ရှိပုံကို ကျနော် သဘောကျတယ်။
ဒါကြောင့် သူ့ရဲ့ဇာတ်လမ်းကို အမြဲ စောင့်ကြည့်ဖြစ်ခဲ့တယ်။

11.22.63 ရုပ်ရှင်စီးရီးစ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှမပြောတာ မပြောခဲ့တာကို အံ့သြနေတယ်။
အပိုင်း ၈ ပိုင်းပဲ ပါတဲ့ အဲ့ဒီဇာတ်လမ်းဟာ ကျနော့်အတွက်တော့ အတော်ကောင်းခဲ့တာပဲ။

မင်းသားက ဂျိမ်းစ်ဖရန်ကို နဲ့ မင်းသမီးက  အလွန်ချစ်စရာကောင်းတဲ့ ဆာရာဂါဒွန်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ထုတ်လုပ်သူက ဂျိမ်းစ်ဖရန်ကို ကိုယ်တိုင်ပါပဲ။
ဇာတ်လမ်းကတော့ J.J.Abrams နဲ့ Stephen King တို့ရဲ့ဇာတ်လမ်းပေါ့။

ဆိုပါစို့။
ခင်ဗျားမှာ အတိတ်ကို ပြန်သွားနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိခဲ့မယ်ဆိုရင် အတိတ်ကိုပြန်သွားပြီး
ဘယ်လိုအမှားမျိုးကို ပြင်ဆင်မလဲ။ အတိတ်ကို ပြန်သွားပြီး ထီပြန်ထိုးမှာလား။
စာမေးပွဲမှာ အမှားတစ်ခု မကျူးလွန်မိအောင်လား။
တစ်စုံတစ်ယောက်ကို ချစ်တယ် ဖွင့်ပြောဖို့ရာ သတ္တိမွေးခဲ့မှာလား။
ထွက်သွားတော့မယ့် လူတစ်ယောက်ရဲ့လက်ကို ဖမ်းဆွဲလိုက်ဖို့ရာ ပြန်ကြိုးစားမှာလား။

ဒီဇာတ်လမ်းထဲမှာတော့ မစ္စတာ ဂျိတ်အမ်ဘာဆင်ဆိုတဲ့ ဂျိမ်းဖရန်ကိုဟာ အတိတ်ကို ပြန်သွားပြီး
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံခံရခြင်းမှ ကင်းဝေးအောင် သွားရောက်ကယ်တင်ဖို့
ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အတိတ်ကာလမှာ လူတစ်ယောက်နဲ့ အမှတ်မထင် တွေ့ခဲ့တယ်။
အဘိုးကြီးလို အိုမင်းလာတဲ့ လူတစ်ယောက်။
တိုင်ထိပ်က ဟောင်းနွမ်းနေတဲ့ အလံတစ်စလို မှိန်ဖျော့လာနေတဲ့ လူတစ်ယောက်။

အဲ့ဒီလူက သူ့ကို သတိပေးခဲ့တယ်။
(မစ္စတာ အမ်ဘာဆင် ... မင်းအတိတ်ကို ပြန်ပြင်လို့ မရနိုင်ဘူးတဲ့။
ဒါက ပုံသေသတ်မှတ်ထားပြီးသားပဲတဲ့။)

သူပြောတဲ့စကားကို ဂရုမစိုက်ပဲ အမ်ဘာဆင်ဟာ ကြိုးစားခဲ့တယ်။ ဒုက္ခခံခဲ့တယ်။ စောင့်ဆိုင်းခဲ့တယ်။
သူဟာ သမ္မတ ကနေဒီ လုပ်ကြံခံရမယ့် နေ့မတိုင်ခင် သမ္မတကို လုပ်ကြံမယ့်သူဟာ ဘယ်သူဖြစ်တယ်။
ဘယ်ကဖြစ်တယ်။ ဘယ်လို လုပ်ကြံမယ်ဆိုတာ သိရဖို့ အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့တယ်။

အဲ့ဒီလို ကြိုးစားထောက်လှမ်းနေရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်ကို အမှတ်မထင် တွေ့မိခဲ့တယ်။
Sadie တဲ့။ သိပ်ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်၊ စာကြည့်တိုက်မှူးလေးပေါ့။

ချစ်သူက တစ်ဖက်၊ သမ္မတကို ကာကွယ်ဖို့က တစ်ဖက်နဲ့ အမ်ဘာဆင်။

အခက်အခဲတွေကြားထဲမှာ သမ္မတကို သူကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကြိုးစားမှုဟာ အောင်မြင်ခဲ့တယ်။
ဒါပေမယ့် သူပြန်ပေးဆပ်လိုက်ရတာက သူ့ချစ်သူကောင်မလေးရဲ့ အသက်ပဲ။

ပြဿနာတွေအားလုံးကို ရှင်းလင်းပြီးသွားတဲ့အခါ သူဟာ သူ့ရဲ့ပစ္စုပ္ပန်ကို ပြန်သွားခဲ့တယ်။
2016 ခုနှစ်ပေါ့။
ဒါပေမယ့် အံ့အားသင့်ခဲ့ရပါတယ်။ ကနေဒီ လုပ်ကြံမခံရအောင် သူ ကာကွယ်နိုင်ခဲ့ရင် ကမ္ဘာကြီးဟာ ပိုတိုးတက်လာမှာပဲလို့ သူထင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါဟာ မှားယွင်းခဲ့တယ်လို့ သူတွေ့ရှိခဲ့တယ်။
သူ့အချစ်ကို ဆုံးရှုံးခဲ့ရတာဟာ မတန်ခဲ့ပါဘူး။

ဂျိတ်ဟာ အတိတ်ကို နောက်တစ်ခေါက် ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
သူ့ရဲ့ ချစ်ရသူကို ကားတစ်စီးပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ပြန်တွေ့ခဲ့တယ်။
သူမတို့ထိုင်တဲ့ စားသောက်ဆိုင်ကို သူ လိုက်သွား စကားပြောခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ
သူ ခနခနတွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်ကို ပြန်တွေ့ခဲ့တယ်။
အဲ့ဒီလူက
(မရပါဘူး။ မင်း မရပါဘူး။ အတိတ်ကို ပြန်မပြင်နိုင်ပါဘူးတဲ့၊ မင်း ကောင်မလေးဟာ မင်းနဲ့ ချစ်နေသမျှ
အတူရှိဖို့ ကြိုးစားနေသမျှ သူမဟာ သေဆုံးခြင်းနဲ့ အဆုံးသတ်မှာပဲ တဲ့) ပြောပြီး ထွက်သွားတယ်။

ဂျိတ်ဟာ တွေဝေနေခဲ့ပြီ။
သူ ကယ်တင်ခဲ့ချင်တဲ့ ကမ္ဘာကြီးဟာ ပိုကောင်းလာခဲ့ရဲ့လား။
အတိတ်ကို ပြန်ပြင်ဖို့ ကြိုးစားတာဟာ အနာဂတ်မှာ တကယ်ရော လှပလာခဲ့ရဲ့လား။
အတိတ်ကို ပြန်ပြင်ဖို့ ကြိုးစားတာဟာ နေရောင်အောက်မှာ အရည်ပျော်သွားတဲ့ နှင်းတွေကို
နောက်ပြန်ရစ်သလိုမျိုးလား။ ဘယ်တော့မှ နေရောင်ခြည်ရဲ့အနွေးဓာတ်မရအောင် တားဆီးလိုက်မိသလိုမျိုးလား။
သူမဟာ သူနဲ့ နီးစပ်နေသမျှ သေခြင်းတရားနဲ့ရော နီးကပ်နေရမှာလား။

သူမဟာ သူ့ရဲ့ရှေ့တူရူမှာ ရှိနေတယ်။
ဒါပေမယ့် ဂျိတ်ဟာ ဆုံးဖြတ်ချက်ချခဲ့ပြီ။
အတိတ်ဟာ အတိတ်အတိုင်းပဲ လှပါတယ်။
နှင်းတွေဟာ လှပအေးမြပေမဲ့ နွေးထွေးတဲ့နေရောင်ခြည်ရဲ့အောက်မှာ ပျော်ကွယ်သွားမှာကိုလည်း လက်ခံရမှာပါပဲ။

အိပ်မက်ဟာ အိပ်မက်ပဲ။
ဂျိတ်ဟာ ဆေဒီ့ကို လက်လွှတ်ခဲ့တယ်။
သူချစ်ရတဲ့ကောင်မလေး ဆေဒီ ကားပေါ်တက်သွားတာကို ငေးကြည့်ရင်း ဂျိတ်ဟာ ကြေကွဲနေတယ်။
သူ့ရဲ့ကြေကွဲမှုဟာ အတောမသတ်ပါဘူး။
အဆုံးအစမရှိဘူး။ သူဟာ နာကျင်နေတယ်။
ကြေကွဲနာကျင်နေတဲ့ လူတစ်ယောက်ဟာ သူချစ်ရတဲ့ကောင်မလေး ထွက်ခွာသွားတော့မှာ ကိုကြည့်ရင်း
ပြုံးလိုက်တယ်။ ကြေကွဲရောင်သမ်းနေတဲ့အပြုံးပဲ။
ကျေနပ်စွာ စွန့်လွှတ်လိုက်ရတဲ့အပြုံး။ နာကျင်မှုတွေရဲ့ကြားက အပြုံးပေါ့။
သူ့မြင်ကွင်းက ဆေဒီ ထွက်သွားတာဟာ ခဏခနမဟုတ်ပဲ သူ့ဘ၀ထဲက အပြီးတိုင် ခွဲခွာသွားခြင်းမျိုးပေါ့။

တချို့သော လမ်းခွဲခြင်းတွေဟာ
မုန်းလို့မဟုတ်ပဲ တစ်စုံတစ်ယောက်သောသူရဲ့ဘ၀ ပိုကောင်းလာဖို့ဆိုတာ
သိကြဖို့ ကောင်းပါတယ်။   ။


နရီမင်းထက်
141118PM

Ref: 11.22.63

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ