ကြေကွဲရောင်နှင်းတွေ...
ကြေကွဲရောင်နှင်းတွေ...
ကျွန်တော်တို့ဘ၀မှာ ...
လက်လွှတ်ခဲ့ရခြင်းတွေ ဘယ်လောက်များ ရှိခဲ့ပါသလဲ။
သိသိရက်နဲ့ လက်လွှတ်ပေးခဲ့ရတာတွေ။
မသိလိုက်မသိဖာသာနဲ့ လက်လွှတ်ပေးလိုက်ရတာတွေ၊
ဒါဆို...
လက်လွှတ်ခံလိုက်ရတာကရော ဆုံးရှုံးခြင်းပဲလား၊
ဆုံးရှုံးခြင်းတစ်မျိုးလား။
ဆုံးရှုံးတာရော ဟုတ်ရဲ့လား။
သေချာတာကတော့...
ကျေကျေနပ်နပ်နဲ့ လက်လွှတ်အလျော့ပေးလိုက်ရတာဟာ
နှစ်ဦးနှစ်ဖက်လုံးကို ချစ်ခင်စွာနဲ့ လမ်းခွဲပေးလိုက်တာမျိုးပဲဖြစ်မှာပါ။
ကိုယ်တတ်နိုင်လို့ဖြစ်စေ... ကိုယ်မတတ်နိုင်တော့လို့ပဲဖြစ်စေပေါ့။
(ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်း မချစ်) ဆိုတာလို။
(လမ်းခွဲတော့မည်လား...လက်တွဲမဖြုတ်ခင်အထိတော့...လက်ချင်းမြဲမြဲဆုပ်ကိုင်ထားစေချင်သည်) တဲ့။
ဆရာ တာရာမင်းဝေက သူ့စာအုပ်တစ်အုပ်မှာ ရေးခဲ့တယ်။
တစ်စုံတစ်ယောက်ကို ချစ်ရက်နဲ့ လမ်းခွဲလိုက်တာမျိုး။
သူ့ရဲ့ ရှင်သန်လိုစိတ်ကို ဆက်ပြီး မပိတ်ပင်လိုတော့တာ။
သူ့ရဲ့အောင်မြင်မှုအတွက် ကိုယ်က အဟန့်အတားဖြစ်နေတဲ့အခါ အလိုက်တသိနဲ့ ဘေးရှောင်ပေးလိုက်တာ။
ကျရှုံးခြင်းရဲ့ပြယုဂ်ဖြစ်တဲ့ကိုယ့်ကြောင့် သူ့ကို မနာကျင်စေလိုတော့တာ။
ကိုယ့်ဘေးမှာ ရှိနေရင် သူ ငိုနေရပြီး တစ်ခြားလူတစ်ယောက်ဆီဟာ သူရယ်မောပျော်ရွှင်နေတာကိုပဲ
ကိုယ် လက်ခံလိုက်ရတာ။
Ed Sheeran ကတော့ သူ့ရဲ့သီချင်းထဲမှာ " Baby...You look Happier.....You Do " တဲ့။
ကလေးရေ...မင်းကြည့်ရတာ ပိုပျော်နေပုံပဲ တဲ့။ သေချာပါတယ် တဲ့၊။
ဆောင်းရာသီက တစ်စတစ်စနဲ့ အေးလာပြီ။
နိုဝင်ဘာ...သို့ လို့ ကျွန်တော် ကဗျာရေးခဲ့ဖူးတာကို မှတ်မိနေတုန်းပဲ။
တစ်ဖြည်းဖြည်းနဲ့ ကျုံးမြို့ရိုးကြီးလည်း မြူတွေနဲ့ အုံ့ဆိုင်းမှိုင်းဝေ လာရော့မယ်။
La La Land ဆိုတဲ့ Musical Film ကို ကြည့်ဖူးကြသလား။
မင်းသားက Ryan Gosling နဲ့ မင်းသမီးက Emma Stone တို့ သရုပ်ဆောင်ထားတဲ့ကားပေါ့။
အရမ်းချစ်ခဲ့ တွဲခဲ့ကြပေမယ့် နောက်ဆုံးမှာ အခြေအနေအရပ်ရပ်က မတိုက်ဆိုင်တော့တဲ့အတွက်
တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြရတာပေါ့။
ဇာတ်ကားရဲ့ဇာတ်သိမ်းခန်းမှာ...
Ryan က သူ့ရဲ့ Jazz Bar မှာ သီချင်းတီးခတ်ဖျော်ဖြေနေတုန်း Emma က သူ့ရဲ့ခင်ပွန်းနဲ့ ဆိုင်ထဲကို ၀င်လာမိတယ်။
အဲ့ဒီ အခန်းက ဇာတ်ကားရဲ့အကောင်းဆုံးအခန်းပဲ။ Emma နဲ့ သူ့ခင်ပွန်းနဲ့ ဆိုင်ထဲ ၀င်လာနားထောင်နေတာကို သိတဲ့အခါ Ryan က သူနဲ့အမ်မာရဲ့အကြောင်းကို ပီယာနိုနဲ့သီချင်းလုပ်တီးတယ်ပဲ ဆိုကြပါစို့။
သီချင်းရဲ့မယ်လိုဒီတွေထဲမှာ သူနဲ့အမ်မာနဲ့သာ လမ်းမခွဲဖြစ်ကြရင် သူတို့ ဘယ်လိုတွဲကြမယ်။
ဘယ်လို လည်ပတ်ကြမယ်။ ဘယ်လိုလက်ထပ်မယ်။ ဘယ်လိုနေမယ်။ ဘယ်လိုကလေးရမယ်။
ပြီးတော့ ဒီ ဂျက်ဇ်ဘားကို လက်တွဲပြီး လမ်းလျှောက်ဝင်လာခဲ့တာ သူတို့ဖြစ်နေခဲ့လိမ့်မယ် ဆိုတာကို
သီချင်းနဲ့ သီကျူးခဲ့တယ်။
စွန့်လွှတ်ခဲ့သူတစ်ယောက်ရဲ့ Nostalgia ပဲပေါ့လေ။
သီချင်းအပြီးမှာ အားလုံးက သဘောကျလက်ခုပ်တီးအားပေးကြပေမယ့် အတိတ်ရဲ့စေစားမှုမှာ နစ်မွန်းနေကြသူနှစ်ယောက်။
အမ်မာဟာ သီချင်းဆက်နားထောင်ဖို့ အင်အားမရှိခဲ့ဘူး။
အမ်မာ ဆိုင်ထဲကထွက်ဖို့အလုပ်မှာ ရိုင်ယန်နဲ့ အကြည့်ချင်းဆုံမိကြတယ်။ တဒင်္ဂလေးပါပဲ၊
ရိုင်ရန်က ပြုံးပြလိုက်တယ်။ အဲ့ဒီ အပြုံးဟာ သိပ်အဓိပ္ပါယ်ရှိတဲ့ အပြုံးပါပဲ၊
နားလည်ပါတယ်၊ ရပါတယ်၊ ခွင့်လွှတ်ပါတယ်၊ ဖြစ်ပါတယ်၊ လုပ်ပါ၊ ရှေ့ဆက်ပါ၊ မင်း အဆင်ပြေသလို
ပျော်ရွှင်ပါ၊ ငါ့ဘက်က အေးဆေးပါ ဆိုတဲ့ အဓိပ္ပါယ် များစွာနဲ့။
အဲ့ဒီအပြုံးကြောင့်ပဲ အမ်မာဟာ လွတ်လပ်သွားတယ်၊ ပေါ့ပါးသွားတယ်၊ ဆိုင်ထဲကနေ ထွက်ခွာသွားခဲ့တယ်။
ကျနော် ကဗျာတစ်ပုဒ်မှာ ရေးခဲ့ဖူးသလိုပါပဲ။
(ကိုယ့်ပြဿနာတွေကို သူ့ကို မပြောပြချင်တော့ဘူး၊
ကိုယ့်ဘက်က အေးဆေးပါ၊ သေလို့ရပါတယ်။
သူ့ကိုတော့ ရှင်သန်ပျော်ရွှင်စေချင်တယ်။ )
ဆိုသလိုပါပဲ။
စွန့်လွှတ်တာ လက်လွှတ်တာ အလျှော့ပေးလိုက်တာ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ကျေနပ်ပျော်ရွှင်နေရမယ်ဆို...
အဲ့ဒါဟာ ကောင်းသောအရာပဲ မဟုတ်လား......။။
Baby...you look Happier...You Do..../
နရီမင်းထက်
101118PM

Thank you for some memories and big congrats, Happy for you too.
ReplyDeleteBe peace!
Delete