သင်၏အရံခုံမှ ချစ်သောအ၀ါရောင်
သင်၏ အရံခုံမှ ချစ်သောအ၀ါရောင်
------------------------------------
ဘိုထိုင်အိမ်သာမှာ အဓိပ္ပါယ်မဲ့ထိုင်နေရင်း
လက်ပေါ်နဖူးတင်ထားသူတစ်ယောက်ရဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်၊
အခန်းထောင့်မှာ ခြေပစ်လက်ပစ် ထိုင်နေရင်း
ပြတင်းပေါက်က တစ်ဆင့် မြင်ရတဲ့ကောင်းကင်ကို
ငေးနေသူရဲ့ပုံရိပ်ကို မြင်ယောင်ကြည့်၊
တီဗီပေါ်မှာ အရုပ်တွေ ပြေးလွှားနေပေမယ့်
ဆွံ့အသူပြောတဲ့စကားလို ဘာကိုမှ မကြားဘဲ
လည်နေတဲ့ပန်ကာကို စိုက်ကြည့်မိသူရဲ့ပုံရိပ်ကို မြင်ယောင်ကြည့်၊
မီးဖိုချောင်ရဲ့ဟထားတဲ့ တံခါးကနေ ညနေခင်းနေရောင်ဟာ
လေထဲမှာ လွင့်ဝဲနေတဲ့ ဖုန်မှုန့်တွေကို မြင်တွေ့ရစေတယ်။
အဲဒီ ဖုန်မှုန့်ဟာ ကိုယ်ပါပဲ။
မပတ်သက်သင့်သူကို ပတ်သက်ရတာဟာ
နေရောင်အောက်က နှင်းတွေကို အရည်မပျော်ဖို့ ဆုတောင်းရတာပဲ၊
မီးမလာတဲ့အိမ်မှာ ပန်ကာဖွင့်ဖို့ ကြိုးစားနေသူပဲ၊
ကုန်နေတဲ့အောက်ဆီဂျင်ကို ဇွတ်ရှူနေသူပဲ။
မျက်ဝန်းတွေဟာ ဒီထက် စိမ်းကားလဲ့ရည်နေသင့်တယ်၊
စကားကို ယတိပြတ်ပြောချပြီး ချာကနဲလှည့်ထွက်သွားသင့်တယ်၊
Online ဖြစ်နေပြီး ကိုယ့်ဆီ မတ်ဆေ့တစ်စောင် မပို့သူ ဖြစ်သင့်တယ်။
ဒါပေမဲ့...
ဒါပေမဲ့ရဲ့ ရှေ့က စကားတွေအားလုံးဟာ
အလကားပဲလိုက ဇာတ်လမ်းတစ်ခုထဲမှာ ပြောတာ ဖတ်ဖူးတယ်၊
ဒါပေမဲ့...
လူဟာ နှင်းတွေနဲ့ နှလုံးသားကို ထုဆစ်ပြီး
အမှောင်မှာ ကွယ်ဝှက်ထားလိုက်တယ်၊
အရည်လဲ့နေတဲ့ မျက်ဝန်းတွေကို စီးမိုးထားတဲ့
မျက်တောင်ခတ်သံကို စောင်းတေးလို နားဆင်ပြီး
သူပို့တဲ့မတ်ဆေ့တွေကို ဂရုတစိုက် ဖတ်တယ်၊
ဤနည်းအားဖြင့် မပတ်သက်မှုတွေဟာ လေးနက်ခိုင်မြဲလာပြီး
စိတ်ကူးယဉ်ဆန်မှုတွေဟာ အိပ်မက်ထဲထိ စိုက်ဆင်းလာတယ်။
နောက်ကျနေပြီလို့ ပြောတာတောင် နောက်ကျနေတယ်၊
အခန်းအကျယ်ကြီးအလယ်မှာ ယောင်ချာချာဖြစ်နေတဲ့
ပုရွက်ဆိတ်လေးလိုပဲ သွားစရာနေရာ မရှိဘူး။
ယောင်တောင်ပေါင်တောင်နဲ့ထွက်ခွာလာသူပါ။
ကြေးရုပ်တွေလို ရပ်ကျန်ရစ်ပြီး ဖုန်မှုန့်လိုပဲ လွင့်စင်ခဲ့သူပါ။
တစ်စုံတစ်ယောက်က အနားမှာ ရှိနေစေချင်တာကို သိပြီး
လမ်းဆုံးလို့ ရှေ့ဆက်စရာမရှိတဲ့ ရထားလမ်းအပျက်လို...
ဘယ်တော့မှ မရေးဖြစ်မယ့် ဒိုင်ယာရီစာအုပ်ပါ။
တစ်စက်ကလေးမှ ချစ်တယ် မပြောပါဘူး။
မဝေးမိခင်ကတည်းက ကြိုတွေးရတာ နာကျင်စရာကောင်းတယ်၊
နာကျင်မှုဟာ နှစ်ယောက်လုံးကြားမှာ လွန်းထိုးသွားလိမ့်မယ်၊
ခိုတွေ ယိမ်းထိုးပြေးလွှားနေသလို
စွန့်ပစ်မရတဲ့အတိတ်က မှတ်ဥာဏ်တွေ ပြေးလွှား...
အတူပျော်ရွှင်စရာတွေရှိခဲ့လွန်းတော့ အတူမရှိရင်...ဆိုပြီး
ဝဋ်ကြွေးတော် များပြားခဲ့ပုံပါကွာ...
ဆိုတော့...
စိတ်ပုတ်နေတဲ့ စင်ရော်တောင်မျက်ခုံးလေးကို
ငါ ကဗျာရေးဖွဲ့ဖြစ်ပုံ။ ။
နရီမင်းထက်
12718
စာကြွင်း။ ။ ကိုယ့်ဟာကိုယ်ဆို ဒီကဗျာက ပြီးအောင်ရေးဖြစ်မှာ မဟုတ်။ ကဗျာခေါင်းစဉ်က နွေရိပ်က ပေးထားတာ။ သူက ဒီခေါင်းစဉ်နာမည်နဲ့ ကဗျာတစ်ပုဒ်ရေးခိုင်းတယ်။ ပြီးတော့ သူ့ကိုလည်း ကျနော်က ကဗျာတစ်ပုဒ် ပြန်ရေးခိုင်းခဲ့တယ်။ အမှန်တော့ သူ့ကို ရေးပေးခိုင်းပါဆိုလို့ ကျနော်ကနာမည်တစ်ခုပေး ရေးခိုင်းခဲ့တာပါ။ အဲ့ဒါကို သူက ဖြစ်အောင် ရေးပေးခဲ့တယ်လေ။ ကျနော် ရေးခိုင်းတဲ့နာမည်ကလည်း အီးပုံပေး တဲ့၊ :D ( နောက်ရက်မှ သူရေးပေးတာကို ပြန်ရှာတင်ပေးမယ်) :D

Comments
Post a Comment