အီးပုံပေး
အီးပုံပေး
အီးပုံပေးကို ကဗျာမဖြစ်နိုင်ဘူးထင်သူတွေ
ဘယ်နှယောက်လောက် ရှိမလဲ။
ဘာသာစကားကို အတတ်ပညာနဲ့ တည်ဆောက်ယူတဲ့အခါ
အီးကို ဘယ်လိုပုံပေးရမလဲ တွက်ချက်နည်းတွေ ရှိလာတော့တာပဲ။
ကိုယ်ပုံပေးလိုက်တဲ့အီးဟာ တချိန်ကျ ဘယ်လိုအရောင်ဖြစ်နေမလဲဆိုတာ
ပုံပေးလိုက်သူ ကိုယ်တိုင်တောင် စိတ်လှုပ်ရှားရတာပဲ။
သက်တံ့တွေလို အရောင်စုံချင်မှစုံမှာပေါ့
ဒါပေမဲ့ သက်တံ့တွေဟာ အနံ့အသက်ကင်းမဲ့
သက်တံ့တွေဟာ အဝေးမျှော်ရှုခင်း
သက်တံ့တွေဟာ တသမတ်တည်း
ကိုယ့်အီးပုံကလေးဟာ လောလောဆယ်နူးညံ့အိစက်နေပမဲ့
တချို့လူတွေရဲ့စိတ်သဘောလို တချိန်ကျ အေးစက်မာကျောသွားနိုင်သေးတာပဲ။
ငယ်ငယ်က သဲပုံထဲ သားရေကွင်းတွေ ထည့်မြုပ်ပြီး
တုတ်နဲ့ထိုးရှာရတဲ့ အီးပုံတုတ်ထိုးဆိုတဲ့ ကစားနည်းတစ်ခုရှိတယ်။
ဘ၀ဟာ တကယ်တော့ အဲ့ကစားနည်းကလေးလို
စမ်းတ၀ါးဝါး မျှော်လင့်ရတာပါပဲ။
ပျော်စရာပါ။
နောက်ပြီး
မြေသြဇာအတွက်အသုံးဝင်တဲ့ အီးတပုံလို ကျင့်ဖို့
ကိုယ်တွေစိတ်ကို ပြင်ဆင်တတ်ဖို့လိုပါတယ်။
နောက်ပြီး
အီးပုံကလေးလို တစ်ကိုယ်တည်းတိတ်ဆိတ်အထီးကျန်လာတိုင်း
အီးပုံကလေးလို အနံ့ကလေးပေးပြီး ကိုယ်ယောင်ဖျောက်ဖို့
အသံမပေးနိုင်တော့အောင် မွန်းကျပ်လွန်းတဲ့အခါ
ကျနော့်စိတ်ကလေးကို အဲ့သလိုမျိုး
ခင်ဗျားတို့ရှေ့ အီးလိုပုံခဲ့ပါတယ်။
ပြုံးဖို့။
နွေရိပ်
ဇွန်၊ ၂၀၁၈။
နရီမင်းထက်_သို့။

Comments
Post a Comment