ရုပ်ရှင်အတွေး (၁)

ရုပ်ရှင်အတွေး (၁)
------------------

ရုပ်ရှင် ကြည့်ဖူးလား။ အကုန်လုံးနီးပါး ကြည့်ဖူးကြမယ်ထင်တယ်။
ပြီးတော့ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲက အမှတ်ရစရာ ဇာတ်ဝင်ခန်းတွေ ရှိကြမယ် ... ထင်တယ်။
ပြီးတော့ရော..
အဲဒီ စိတ်ထဲမှတ်မိနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုခုက တစ်ချိန်ချိန်မှာ ကိုယ့်လက်တွေ့ဘ၀ရဲ့အဖြစ်အပျက်တစ်ခုခုနဲ့
တူနေတယ်လို့ရော တွေးထင်မိဖူးလား။
အခုက ... ဆောင်းရာသီပါ။

ကျွန်တော့်မှာတော့ အဲ့လိုအဖြစ်အပျက်တွေက ဖြစ်ပျက်လေ့ရှိပါတယ်။
2008  က ထွက်ခဲ့တဲ့ Wanted ဇာတ်ကားကို သိလား။
ရုရှ မင်းသား James McAvoy နဲ့ မင်းသမီး Angelina Jolie တို့ပါတဲ့ ဇာတ်ကားပေါ့။
သာမန်ဝန်ထမ်းတစ်ယောက်ကို လူသတ်အဖွဲ့က ကယ်တင်အယုံသွင်းခဲ့ပြီး နောက်ပိုင်းမှာ
သားအဖချင်း ပြန်သတ်စေခဲ့တဲ့ အက်ရှင်ကားတစ်ကားပေါ့။

No! No!
ကျွန်တော်က အဲ့အကြောင်းအရာကို ပြောမှာ မဟုတ်ပါဘူး။
ကျွန်တော် အမြဲမှတ်မိနေတဲ့ အဲ့ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို ပြောချင်တာပါ။
အဲ့ဒီထဲမှာ မင်းသား Wesley (James McAvoy) က မအောင်မြင်တဲ့ သာမန်ကုမ္ပဏီဝန်ထမ်းတစ်ယောက်။
ပိုက်ဆံမရှိ၊ ရထားလမ်းဘေးက အိမ်စုတ်ထဲ နေရသူ။ မိန်းမက သူငယ်ချင်းနဲ့ဖောက်ပြန်နေတယ်။
တစ်ရက်မှာ မထင်မှတ်ပဲ အမျိုးသမီးတစ်ယောက်နဲ့ ကြုံရပြီး သူ့ဘ၀ပြောင်းလဲသွားတယ်။
ယက္ကန်းရုံကို ဟန်ပြလုပ်ပြီး လူသတ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့သားတစ်ယောက်အဖြစ် ပုံသွင်းခံရတယ်။
နေစရာ စားစရာ ပိုက်ဆံ ရတယ်။ ကိုယ်ခံပညာ  သေနတ်ပစ်ပညာ အကုန်သင်ကြားပေးတယ်။
သူ့အဖေကို လူဆိုးတစ်ယောက်က သတ်ခဲ့တယ်ဆိုပြီး လိုက်သုတ်သင်ခိုင်းတယ်။
ဒါပေမယ့် နောက်ဆုံးမှာ...
လူသတ်အဖွဲ့ခေါင်းဆောင်က သူ့ကို အယုံသွင်းပြီး သူ့အဖေအရင်းကို
ပြန်သတ်ခိုင်းတယ်ဆိုတာ သိသွားတယ်။
(သူသိသွားတဲ့အချိန်မှာ သူ့အဖေကို သူပြန်သတ်ပြီးခဲ့ပြီ။)
ဒီတော့ ဘာလုပ်မလဲ ?
သူ့ကို လိမ်ညာခဲ့တဲ့ လူဆိုးအဖွဲ့ကို ချေမှုန်းရေးပေါ့။
အဲ့တော့ ချေမှုန်းတယ်ပေါ့။ အရင်က သူ့မိတ်ဆွေ (အခု လူသတ်သမားအများကြီး) ရှိတဲ့ အိမ်ကြီး (ယက္ကန်းရုံကြီး) ထဲ တစ်ကိုယ်တော်
ဝင်ကြမ်းတယ်ပေါ့လေ။ ဒါပေမယ့် အကုန်လုံးကို သူသတ်နိုင်ခဲ့ပေမယ့်လို့ လူဆိုးခေါင်းဆောင် Sloan (Morgan Freeman) ကိုတော့ လွတ်သွားတယ်ပေါ့လေ။
 ယက္ကန်းရုံကြီးလည်း ပေါက်ကွဲသွားတယ်။

ကျနော်ပြောချင်တဲ့ အခန်း လာပြီ။
ပေါက်ကွဲစုတ်ပြတ်နေတဲ့ အိမ်ကြီးထဲကနေ သူ သွေးအလိမ်းလိမ်းနဲ့ စုတ်ပြတ်သပ်ပြီး ပြန်ထွက်လာခဲ့တယ်။
သူ့အဖေအရင်းကို သူ မှားယွင်းပြီး ပြန်သတ်ခဲ့ပြီးပြီ။
သူ့ဆရာလို့ ထင်ခဲ့တဲ့လူက လူဆိုးခေါင်းဆောင် ဖြစ်နေတယ်။
သူ့အိမ်လို နေခဲ့တဲ့ ယက္ကန်းရုံကြီးလည်း ပျက်စီးသွားပြီ။
အရင်က သူ့မိတ်ဆွေ အခု သူ့ရန်သူဖြစ်သွားတဲ့ လူတွေကိုလည်း သူသတ်ခဲ့ပြီ။
သူ့မှာ ဘာမှ မကျန်တော့ဘူး။
စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော သူ နာကျင်နေပြီ။
ဘယ်အရာကိုမှလည်း သူ ယုံကြည်စရာ မရှိတော့ဘူး။
အဲ့ဒီအချိန်မှာ ATM စက်ဆီကို သူသွားတယ်။ ATM card ထည့်တယ်။
ပိုက်ဆံစစ်ကြည့်တယ်။ အစောပိုင်းက ဒေါ်လာ ထောင်ပေါင်းများစွာ ရှိတဲ့ သူ့ရဲ့ဘဏ်အကောင့်က
ခုတော့ သုည ဖြစ်နေတယ။် သူ့မှာ ပိုက်ဆံလည်း ခြူးတစ်ပြားမှ မရှိတော့ဘူးပေါ့။
သူ့အခြေအနေက ဒုံရင်းက ဒုံရင်းပဲ။
အကောင့်မန်နေဂျာဘ၀ဟာ သူမလိုချင်တဲ့ ခပ်ညံ့ညံ့ဘ၀။
ခုကရော ဘာထူးလဲ။ ပိုဆိုးလာလား။
တစ်ခုခု ဖြစ်လာခဲ့မယ် ထင်ပြီး ကြိုးစားလာခဲ့သမျှ အလွဲလွဲအချော်ချော်
နောက်ဆုံးမှာတော့ လက်ထဲဘာမှမကျန်ခဲ့လိုက်။
ဒုံရင်းက ဒုံရင်းပဲ။

ဒီဇာတ်ဝင်ခန်းကို သတိရနေဖြစ်တယ်။
ဘ၀မှာ တစ်ခုခု ဖြစ်လာမယ်ဆိုပြီး လုပ်ခဲ့သမျှ အရာမထင်တဲ့အခါ
ဒီဇာတ်ဝင်ခန်းကို သတိရတယ်။
ATM မှာ ပိုက်ဆံစစ်ပြီးနောက် မြေပြင်ပေါ် လဲကျသွားတဲ့ သွေးအလူးလူးနဲ့ စုတ်ပြတ်နေတဲ့လူတစ်ယောက်လေ။
ဘ၀ဟာ အဲ့ဒီလိုမျိုးပေါ့။
တစ်ခါတစ်ခါ ရုပ်ရှင် ဆန်နေတာမျိုးပေါ့။
မှတ်မိလား။
တစ်ခါတစ်ခါမှာ ဘ၀ဟာ ဒုံရင်း က ဒုံရင်းပါပဲ။
ATM မှာ ပိုက်ဆံစစ်ပြီးနောက် မြေပြင်ပေါ် လဲပြိုကျသွားတဲ့ သွေးအလူးလူးနဲ့ စုတ်ပြတ်နေတဲ့ ဘာမှမကျန်တဲ့လူတစ်ယောက်လေ။


နရီမင်းထက်
10.1.17

Ref: The Wanted (2008)

Comments

Popular posts from this blog

Left Hand Man

မြစ်ပျိုမ - ၂

ကဗျာဆရာ